မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မင်္ဂလာတောင်ညွန့် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျ အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အားကစားနှင့်ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) အချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာမမေ(ရန်ကုန်)က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကောင်းဇံမှ “ကျန်းမာရေးနှင့်အားကစားဆိုင်ရာ အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက “လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဦးဇော်အောင်ထွန်းမှ “ယာဉ်အန္တရာယ်ကင်းရှင်း‌စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား ဦးစီးအရာရှိ ဦးမိုးကျော်ကျော်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိုးက လက်ခံရယူခဲ့ပါသည်။ ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းကလေးများက Fitness   dance အကဖြင့် သရုပ်ပြကပြခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)