မန္တလေး ဇွန် ၂၁
အကျဉ်ဦးစီးဌာန၊ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ/အကျဉ်းသားများနှင့် အကျဉ်းဦးစီးဌာန၊ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို(ရွှေကျင်)ရပ်ကွက်ရှိ အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထပ်ဆောင်းဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းနှင့် သူနာပြု၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အကျဉ်းသူ/အကျဉ်းသားများနှင့် ၀န်ထမ်းစုစုပေါင်း (၆၄၈)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးကြရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းနွယ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ချောချောနိုင်နှင့် တာဝန်ရှိသူများ၊ မန္တလေးဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး တာဝန်ခံအရာရှိ ဦးသိန်းဇော်မောင်၊ ဒုတိယတာဝန်ခံအရာရှိ ဦးဇော်ထွန်း၊ ထောင်ဆေးရုံအုပ် ဒေါက်တာမိုးဟိန်းနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသူ/အကျဉ်းသားများနှင့် ၀န်ထမ်း စုစုပါင်း (၁၄၉၇) ဦး ရှိရာ ကျန်ရှိသူများကို ဇွန်လ ၂၁ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)