ဘီးလင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မြင်သာ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း ဇွန် ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊(မြင်သာ)၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ကင်းစင်ရေးအတွက် ရှောင်ကြဥ်ရမည့် အချက်များနှင့် ဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရေးတို့ကို အသိပညာ​ပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသုံးသူဆိုင်ရာအခွင့်အရေးများအကြောင်း၊ စားသုံးရန်မသင့်သည့် ကုန်အညွှန်းအမှတ်အသားမပါသည့် မုန့်များစားသုံးခြင်းမပြုမိစေရေးအကြောင်းနှင့် ဒုတိယဦးစီးမှူး ဦးစည်သူက ဓာတုဆိုးဆေးများအန္တရာယ်အကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးစာပေများဖြစ်သော ပုံပြင်၊ ရုပ်ပြ၊ ကာတွန်း၊ စာစောင်များကို ဖတ်ရှုစေပြီး မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)