လယ်ဝေး ဇွန် ၂၁
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် ဥာဏ်စမ်းမေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နေရည် (ပြန်/ဆက်)