မိုးကောင်း ဇွန် ၂၀
ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ဖွင့်ပွဲတွင် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထက်၊ ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရန်နိုင်လွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
အခမ်းအနားတွင် အ.ထ.က(၂)မှ ကျောင်းသား ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားကာ နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် ဗီဒီယိုအား ဖွင့်လှစ်ပြသပြီး ကျောင်းသား ကျောင်းသူများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ”၊ “ပြည်ထောင်စုရဲ့ ထာဝရအလှ”၊ “ဆရာမ” စသည့်တေးသီချင်းများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ဆောင်းပါးပြိုင်ပွဲ စာမူဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများအသီးသီးချီးမြှင့်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် သုတရသစာအုပ်များကို ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ ငွေကျပ်တစ်သိန်းတန်ဖိုးရှိ သုတရသစာအုပ်များကို ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ)ကလည်းကောင်း အသီးသီးလှူဒါန်းကြရာ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်မှ လက်ခံရယူပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ခင်းကျင်းပြသထားသည့် အသိပညာပေးပြခန်းများ၊ စာအုပ်စာစောင်ခင်းကျင်းပြသမှုများ၊ စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေတို့ကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ)ကလည်း “အနာဂတ်အတွက် စာဖတ်ပါ” ခေါင်းစဉ်ဖြင့် ဟောပြောရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် အားတက်သရော နားဆင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဖျော်ဖြေရေးအကပဒေသာ အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)