တာချီလိတ် ဇွန် ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ဗျူဟာအဖွဲ့ (အခြေချ) နယ်မြေခံတပ် စစ်ရေးပြကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး က သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ရှိခြင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အချိန်တိုအတွင်း တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် အမှာစကား ပြောကြားပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပစ္စည်းများစုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို နယ်မြေခံ တပ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက အုပ်ချုပ်မှုအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ယာဉ်/ယန္တရားစုဖွဲ့မှုအဖွဲ့၊ ထောက်ပံ့ ပို့ဆောင်ရေးအဖွဲ့တို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးရာ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)