ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တန်း ဇွန် ၂၀

ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောက်တန်းမြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်က ကျောက်တန်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ အားကစားမှူးဒေါ်သီတာမွန်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးဦးကျော်သူရမျိုးမှ မီးဘေးလုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အသီးသီးအသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် ဂျူဒိုအဖွဲ့ချုပ်မှ ဂျူဒိုအားကစားနည်းများဖြင့် သရုပ်ပြသကြသော အားကစားသမားများဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး ကျောက်တန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား သန်လျင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မင်းထွန်းမှပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမဒေါ်မြင့်မြင့်ရွှေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်တန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေလင်းကျော် (ပြန်ဆက်)