နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ်(Billboard)စိုက်ထူခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၂၀

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်း ပြည်သူများသို့ အသိပညာပေးကြော်ငြာဆိုင်းဘုတ်(Billboard)စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်တွင်ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်တို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်သူများသိရှိနိုင်စေရန်အတွက် ‘‘ပြည်သူအားလုံးပါဝင်လို သန်းခေါင်စာရင်းကောက်ကြစို” အသိပညာပေးဆိုင်းဘုတ်(Billboard)အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လက်ကမ်းစာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပြုပစ္စည်းများကို တက်ရာက်လာကြသူများအား ဖြန့်ဝေပေးကြသည်။

ထို့နောက် နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာစိုက်ထူပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)