ပင်းတယ ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ထယ်သွန်းကျေးရွာအုပ်စုအတွင်းရှိ ကုံလုံကျောင်းပရဝုဏ်အတွင်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းကအဖွင့်အမှာစကားပြောကြားရာတွင် "လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ပြည်သူလူထုများအကြား သစ်တောသစ်ပင်များအပေါ်ချစ်ခင်စိတ်များဖြစ်ပေါ်စေလိုခြင်း၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် သိရှိနားလည်စေပြီးအတူတကွ ပူးပေါင်းပါဝင်လုပ်ကိုင်ဆောင်ရွက်စေလိုခြင်း၊ ထိန်းသိမ်းကာကွယ်ပေးစေလိုခြင်းတို့ကြောင့်ဖြစ်ကြောင်း ပင်းတယမြို့နယ်အနေဖြင့် စိမ့်စမ်းရေထွက်များကို အဓိကထားမိမိတို့ရပ်ကွက်/ကျေးရွာပတ်ဝန်းကျင်ရှိ သစ်တောအုပ်များကိုအသုံးပြုရသည့် ဒေသဖြစ်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်းနှင့် သစ်ပင်ကျဲပါးတဲ့နေရာတွေမှာ သစ်ပင်များ ပြန်လည်ဖြည့်စွက် စိုက်ပျိုးရေးတို့ကို အထူးအလေးထားဆောင်ရွက်စေလိုကြောင်း" ပြောကြားသည်။
ထို့နောက် ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များအား လွှဲပြောင်းပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဓနုဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက စိန်ပန်းနီ(၉၀)ပင်၊ စိန်ပန်းပြာ(၁၉၀)ပင်၊ လင်းလွန်းပင်(၁၉၀)ပင်၊ မျောက်ငို(၂၆၀)ပင်နှင့် ထင်းရှုး(၁၉၀)ပင် စုစုပေါင်းပျိုးပင်(၉၂၀)ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့်အဖွဲ့သည် အော်ယောရပ်ကွက်အတွင်းရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ရုံးသစ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးပြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံသာရေများပက်ဖြန်းပေးခဲ့ကြကြောင်းနှင့် အဆိုပါဒေသရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသစ်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ(၃၁၅ ဒသမ ၇၄၄)ကျပ်သန်းဖြင့် ၂၃-၈-၂၀၂၃ ရက်နေ့တွင် "ရွှေလဆန်း" ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၁၅-၃-၂၀၂၄ ရက်နေ့တွင် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)