နောင်ချိုမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

နောင်ချို ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့်ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့က ပြည်ထောင်စုလမ်းမကြီး၊ ကံကြီးလမ်းများတွင် သွားလာနေကြသော ခရီးသွားပြည်သူများ၊ နောင်ချိုမြို့မဈေးအတွင်း၊ အပြင်ရှိ ဈေးသည်၊ ဈေးဝယ်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ/ထည့်မကောက်ရမည့်သူများ၊ ၂၀၂၃ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေ၊ စာရင်းကောက်ယူမည့်မေးခွန်းများ၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်၊တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ ကောက်ယူခြင်းနှင့်သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် အစီအစဉ်များ၊ ဆောင်ပုဒ်များကို ဝေဆာစွာ  ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)