ကျောက်ဆည် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအစုအဖွဲ့နှင့်တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်အောင်က နိုင်ငံ့စီးပွားအခြေအနေကောင်းများ ဖန်တီးပေးနိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဆိုသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေများထူထောင်၍ တောင်သူကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၀၂၂-၂၀၂၃)ခုနှစ်၊ (၂၀၂၃-၂၀၂၄)ခုနှစ်များတွင် နွေစပါး၊ မိုးစပါး၊ ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ နွေနှမ်း၊ နွေနေကြာသီးနှံများ စိုက်ပျိုးရန်အတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများပံ့ပိုးထုတ်ချေးပေးခဲ့ကြောင်းနှင့် ထုတ်ချေးပေးထားသော နိုင်ငံ့စီးပွားရန်ပုံငွေများကို တောင်သူများ၊ လုပ်ငန်းရှင်များမှလည်း သတ်မှတ်ကာလအတွင် အကြေပေးချေပြီးဖြစ်သဖြင့် ယခုအခါ ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါး (၄၀၀) ဧကအတွက် ဝယ်ယူကြိတ်ခွဲတင်ပို့သူလုပ်ငန်းရှင်၊ သွင်းအားစုလုပ်ငန်းရှင်နှင့် တောင်သူအစုအဖွဲ့များ သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် စပါးစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မန္တလေးတိုင်းဒေသကြီးရန်ပုံငငွေများဖြင့် မိုးစပါး(၈၀၀)ဧက စိုက်ပျိုးရန်အတွက် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး(၄၀၀)ဧက စိုက်ပျိုးမည့် အင်ရောင်ကျေးရွာမှ တောင်သူ(၄၆)ဦးနှင့် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုအဖွဲ့တို့မှ မိုးစပါးများအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး စာချုပ်များချုပ်ဆိုခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်