တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း ဟောပြောပြီး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တံတားဦး ဇွန် ၂၀

တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက တံတားဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့် အတိုင်း  ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော  စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် ရှောင်ရှားနိုင်ရေး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနင့် ပြင်ပဗဟုသုတရရှိစေရေးတို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက်  ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်  ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)