မိုင်ပျဉ်း ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ဝန်ထမ်းများမှ မိမိရုံးသို့မလာရောက်နိုင်သော စာဖတ်ပရိသတ်များသို့ သုတ/ရသစာအုပ်များသယ်ဆောင်၍ ရွေ့လျားစာကြည့်တိုက်(Mobile Library)စနစ်ဖြင့် အခမဲ့စာအုပ်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုင်းပျဉ်းမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမိုဟွမ်နှင့် ဝန်ထမ်းများက စာဖတ်/စာငှားသူများ တိုးပွားလာစေရေးအတွက် ရည်ရွယ်၍ သုတ/ရသစာအုပ်များအား စာဖတ်သူများစိတ်ကြိုက် ရွေးချယ်ဖတ်ရှုနိုင်ရန် ခင်းကျင်းပြသပေးခြင်း၊ စာဖတ်ခြင်းဖြင့် ရရှိစေနိုင်မည့်အကျိုးကျေးဇူးများအကြောင်းဆွေးနွေးခြင်း၊ ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံလက်ခံခြင်းနှင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့လည်း စာအုပ်များ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း စည်းရုံးပြောကြားခဲ့ကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာငှား/စာဖတ်သူများတိုးပွားရေးအတွက် နယ်လှည့်လှုပ်ရှားမှုများ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများတွင် စာပေ၏အကျိုးကျေးဇူးများအကြောင်း ထည့်သွင်းဟောပြောဆွေးနွေးစည်းရုံးဆောင်ရွက်ခြင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများထံသို့ စာအုပ်စာစောင်များအားကို ရွေ့လျားစာကြည့်တိုက်(Mobile Library) စနစ်ဖြင့် အခမဲ့လစဉ်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)