ငါန်းဇွန်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငါန်းဇွန် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရပ်ကွက်များအတွင်း၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ငါန်းဇွန်အ.ထ.က၊ အမှတ်(၁) အ.မ.က၊ အမှတ်(၂) အ.မ.က၊ အမှတ်(၃)အ.မ.ကနှင့် အမှတ်(၄)အ.မ.ကတို့တွင် ကွင်းဆင်းကာ အဆိုပါအခြေခံပညာ ကျောင်းများ၌ ပညာသင်ယူလျက်ရှိသော ကျောင်းသားကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးခြင်း၊ ရေစည်ရေအိုးများ၌ ခြင်မဝင်စေရေးဆောင်ရွက်ရန်၊ ဘုရားပန်းအိုးများ တစ်ပတ်တစ်ကြိမ် ဆေးကြော၍ ရေလဲရန်၊ ရေစည်ရေအိုးထဲသို့ ပိုးလောက်လန်းများ မဖြစ်ပေါ်စေရေးဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေး ပြောကြားပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းများ လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)