စဉ့်ကိုင် ဇွန် ၂၀
တိုင်းဒေသကြီး၊ မြို့နယ်/ပြည်နယ်အသီးသီးတို့တွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်များကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၎င်းအထိမ်းအမှတ်နေ့အဖြစ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများနှင့် ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုပြုမူတတ်စေရန်၊ နှုတ်မှုစွမ်းရည်များတိုးပွားလာရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ယခုလိုပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး သက်ဆိုင်ရာ အကဲဖြတ်ဒိုင်များကပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းတို့ကို ပြိုင်ပွဲဝင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် "မိတ်ဆွေရန်သူ" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/သူဦးရေ (၁၇)ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား/သူ ဦးရေ (၁၇)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)