မန်ကန်မြို့ ငှက်ကာကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန်ကန် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ငှက်ကာကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဇွန်၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန်ကန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မန်ကန်ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးလင်းအောင်က မူးယစ်ဆေးဝါးဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားနိုင်မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ ပြန်/ဆက်)