ဒေါပုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိ ပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်   ဇွန်  ၂၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၌ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသည့် ဆေးဝါးများအကြောင်း၊ မြန်မာနိုင်ငံတွင် မှောင်ခိုရောင်းချနေသည့် မူးယစ်ဆေးဝါးများ၏ ပုံသဏ္ဍာန်အမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါးများ မြန်မာနိုင်သို့ငံ ရောက်ရှိလာပုံ သမိုင်းကြောင်းများ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာရပ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုစီးပွားဘဝများနှင့် ကျန်းမာရေးများ ထိခိုက်ဆုံးရှုံးရမှုများအကြောင်းစသည်တို့ကို ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များအားပြသခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)