မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဇွန်၂ဝ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းပို့ချရာ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးနှင့် ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏သမိုင်းကြောင်းနှင့် နိုင်ငံတကာ ကြက်ခြေနီအသင်း၏ သမိုင်းကြောင်းများကိုလည်းကောင်း၊ ခရိုင်ကြက် ခြေနီသူနာပြုတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း၊ အပူလောင်သောလူနာအား ရှေးဦးပြုစုခြင်း၊ အသက်ရှုရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းဖြစ်သောလူနာအား ရှေးဦးပြုစုခြင်း၊ ဆို့နင်ခြင်း ဖြစ်သော လူနာအားရှေးဦးပြုစုခြင်း၊ နှာခေါင်းသွေးယိုသောလူနာအား ရှေးဦးပြုစုခြင်း၊ သတိလစ်နေသောလူနာအား ရှေးဦးပြုစုခြင်း သွေးယိုထွက်သော လူနာအားရှေးဦးပြုစုခြင်းစသည့် ရှေးဦးသူနာပြုစုခြင်းဆိုင်ရာများကို အသိပညာပေးဆွေးနွေးပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းသို့  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း သင်တန်းသားသင်တန်းသူ ၅၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား တစ်ရက်တာ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ