မြစ်သား ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘူတာရပ်ကွက်ရှိ ဘူတာ (အ.မ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်ပေးမူးယစ်ဆေးကို ရှောင်ကာမနှေးစသည့်တို့ကို ဟောပြောခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့ မြို့မရဲစခန်းမှ စခန်မှူး ဒုရဲမှူးဇော်မင်းထွေးက မူးယစ်ဆေးဝါးအမျိုးအစားများဖြစ်သည့် မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ ဆေးလိပ်/ကွမ်းယာများ၏ ဆိုးကျိုးနှင့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို တားဆီးကာကွယ်နှိမ်နင်းခြင်းအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း မူးယစ်ဆေးဝါးကို စတင်အသုံးမပြုမီအောင် သတိပြုရှောင်ကြဉ်ရန် စသည့်တို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)