အိမ်မဲ ဇွန် ၂၀
လူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ထိန်ငူကျေးရွာ အ.လ.က-ထိန်ငူကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာ ဗဟုသုတများ ရရှိ၍ အပြန်အလှန် ဖလှယ်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် Grade-9 ကျောင်းသား/သူ များဖြစ်ကြသော မောင်ကောင်းထက်စိုး၊ မောင်စိုင်းခန့်ကျော်၊ မောင်ဖြိုးပြည့်စုံအောင်နှင့် မခင်ခင်ငြိမ်းတို့က “မူးယစ်ဆေးဝါးဆိုတာ” “မူးယစ်ဆေးဝါးသုံးစွဲမိတဲ့အကြောင်းအရင်းများ”၊ “မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ”၊ “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ အ.လ.က-ထိန်ငူကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဆက်လက်ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်၊ သုတ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)