မိုင်းယောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်ဇော်၏ ဦးဆောင်မှုနှင့်အတူ မေလ ၁၇ ရက်တွင် အောင်မင်္ဂလာကျေးရွာရှိ “အနာဂတ်အလင်းရောင်” စာကြည့်တိုက်၌လည်းကောင်း၊ ဇွန်လ ၁၂ ရက်က အမှတ်(၁)ရပ်ကွက်ရှိ “ပညာပဒေသာ” စာကြည့်တိုက်၌လည်းကောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲများပြုလုပ်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခြင်း၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခြင်းလုပ်ငန်းများကို မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့ပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပထမအကြိမ်အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်