ထန်းတပင်(ရန်ကုန်) ဇွန် ၂၀
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး စာရေးဆရာဝင်းနွယ် (ပုသိမ်)က မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုမြတ်ဝင်းက စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်မှူးများနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြသလို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)