ဗဟန်းဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြားတောရလမ်းရှိ အလုပ်သမားဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက ရဲအုပ်နေအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ရဲအုပ်ဖန်အောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ ဒုရဲမှူးဇော်ဝင်းထွန်းက ယာဥ်အန္တရာယ်လမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးခိုင်က တရားဥပဒေစိုးမိုးရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းအရာများအား အသီးသီး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအား အစီအစဥ် (၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲသို့ တက်ရောက်လာသော ရပ်ကွက်နေပြည်သူများ၏ သိလိုသည်များ မေးမြန်းမှုများအား အပြန်အလှန်ပြောကြားခြင်း၊ မူးယစ်၊ လူကုန်ကူးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်