လယ်ဝေး ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ(စာရေးဆရာသဘာဝ)က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် (၁၅)တိုက်အတွက် လူထုသိပ္ပံကျမ်း(အတွဲ-၁၊ အတွဲ-၂၊ အတွဲ-၃) စာအုပ်(၄၅)အုပ်ကို ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)