ထန်းတပင်(ရန်ကုန်) ဇွန် ၂၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တက္ကသိုလ်၏ အားကစားအဆင့်အတန်းမြှင့်တင်ရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အားကစားစိတ်ဓာတ်များ မြင့်မားလာစေရန်၊ ကျောင်းစာတွင်သာမက အားကစားပါဘက်စုံထူးချွန်ပြီး စိတ်ဓာတ်နှင့် ကိုယ်ကာယနှစ်ဖက်လုံး ဟန်ချက်ညီ တိုးတက် လာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော တက္ကသိုလ်လက်ရွေးစင် အားကစား သမားကောင်းများနှင့် နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့ ဘာသာရပ်ပေါင်းစုံ (၁၄) ဌာနတို့မှ ဘောလုံးပြိုင်ပွဲဝင်အသင်း (၁၁)သင်း၊ ဘောလီဘောအမျိုးသားပြိုင်ပွဲဝင် အသင်း (၆)၊ ဘောလီဘောအမျိုး သမီးပြိုင်ပွဲဝင်အသင်း (၄)သင်း၊ ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ ပြိုင်ပွဲဝင် အသင်း(၉)သင်းနှင့် ပိုက်ကျော်ခြင်းသုံး ယောက်တွဲပြိုင်ပွဲဝင်အသင်း(၉)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲယှဥ်ပြိုင်နေမှုများကိုလည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ် များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရပြီး ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကို ဇွန်လ(၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြေးခုန်ပစ်နှင့် ကြက်တောင်အားကစားပြိုင်ပွဲများကို ဆက်လက်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)