မိတ္ထီလာခရိုင်အတွင်း ဆောင်ရွက်သွားမည့် ကျေးလက်ကုန်ထုတ်လမ်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း

မိတ္ထီလာ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မိတ္ထီလာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်များတွင် ကျေးလက်ကုန်ထုတ်ဆောင်ရွက်သွားမည့်အခြေအနေနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာက လုပ်ငန်း အကောင်အထည်ဖော်မှုနည်းလမ်းနှင့် လုပ်ငန်းအဆင့်များအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက လမ်းဒီဇိုင်းနှင့် အကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ခံများက လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့သည်။

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မလှိုင်မြို့နယ်တွင် ခွင့်ပြုရန်ပုံငွေ ၁၃၆.၄၅၆ သန်းဖြင့် အရှည် ၁/၅ မိုင်ရှိ မြို့ကုန်း ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ အနက် ၃ ပေရှိ Slab culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ပြည့်ဝကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝမ်းတွင်းမြို့နယ်တွင် ခွင့်ပြုရန်ပုံငွေ ၁၃၁.၉၉ သန်းဖြင့် အရှည် ၁/၅ မိုင်ရှိ ပျားစွဲ(အနောက်) ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ အနက် ၃ ပေရှိ Slab culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် Myanmar New Power ကုမ္ပဏီတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)