လားရှိုးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

လားရှိုး ဇွန် ၂၀

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောပေးခဲ့ကြသည့် လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ(ကောင်းညွန့်ဝေ-ရေစကြို)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)တို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် စာပေစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ပွဲတော်အတွက် တေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)