လယ်ဝေး ဇွန် ၂၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးတင့်ခိုင်ဦး၊ တောင်သူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၃၅ ရှိ တောင်သူ ဦးတင်ရွှေ၏ လယ်ဧက သုံးဧကအား မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အတွင်းရှိ တောင်သူများအားလုံး ယခုကဲ့သို့ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပျံချီကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲ၌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ကျောင်းအပ်နှံရေးကို တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်၊ လူရွယ်များဖြစ်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်၌ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း (၂) ကျောင်း ထပ်မံဖွင့်လှစ်ခွင့်ရရှိ၍ ယခုပျံချီအထက်တန်းကျောင်းအပါအဝင် လေးကျောင်းဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တတ်ရောက်သင်ကြားနိုင်ရေးနှင့် လိုအပ်သည့်ကိစ္စများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများနှင့် အလှူရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရပ်မိ/ ရပ်ဖများက တင်ပြဆွေးနွေးမှုအပေါ် နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ကျောင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေစွာသွားလာနိုင်စေရေးအတွက် ကျောင်းတွင်း လမ်းများခင်းပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပျံချီ)တွင် စက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်တို့ကို လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာများမှ ပြည်သူများ၏ သားသမီးများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)