သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သာကေတ ဇွန် ၂၀

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်တိုင်းရင်းရေးကုဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ကလေးစစ်သားပပျောက်ရေးဆိုင်ရာများ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက ကျောင်းသား၊ ကျောင်းသူများအား ခံစားရသည့် ဝေဒနာအလိုက် မြန်မာတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)