မော်လမြိုင် ဇွန် ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းအလုပ်အမှုဆောင် ဦးသန်းဝင်းတို့က မူးယစ်ဆေး၏အန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ကျောင်းသူ၊ ကျောင်းသားများ ဗဟုသုတတိုးပွားရေးအတွက် ကျောင်းပြင်ပစာပေများ လေ့လာဖတ်ရှုကြစေရေး စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)