ပေါင်မြို့နယ်၌ သဘာဝဘေးလျှော့ချရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ပြုလုပ်

ပေါင် ဇွန် ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးလျှော့ချရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သဘာဝဘေးဖြစ်ပွားစဉ်ကာလအတွင်း ပျက်စီးဆုံးရှုံးမှုစာရင်းများကို ကဏ္ဍအလိုက်ပြုစု၍ မြို့နယ်ကနဦးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီသို့တင်ပြရန်၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူကာ လုပ်ငန်းကော်မတီအတွင်းရေးမှူးရုံး ဗဟိုစာရင်းအင်းအဖွဲ့၊ ရုံးချုပ်သို့ပေးပို့ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဦးဖြိုးဝေဝင်းက ‌ယခုသင်တန်းကို သင်ခန်းစာ(၁၇)ခန်းဖြင့်ပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စနစ်တကျလိုက်နာဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာအတိုင်းလက်တွေ့လုပ်ဆောင်ပေးကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကို သင်တန်းဆရာ(၄)ဦးက သင်တန်းသား(၃၀)ဦးကို ဇွန်လ(၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ(၃)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)