ကျောက်ဆည်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်ထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ခန္ဓာကိုယ်ကိုတစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည်ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါစွဲလန်းမှုဖြစ်စေခြင်း၊ ဆက်လက်မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားသည့် ဆေးဝါးများကိုခေါ်‌ဆိုကြောင်းနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာလုံးတစ်ဝန်း၌ ကြီးထွားနေဆဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး လူညွှန့်တုံးအောင်ဖန်တီးလျက်ရှိနေကြောင်း၊ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ်လူငယ်များဘဝ စိတ်ချကောင်းမွန်မည်ဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်အတွက် အားထားရမည့်သူများဖြစ်၍ မူးယစ်ဆေးဝါးမသုံးစွဲကြစေရန် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၅၅)ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)