ချောင်းဆုံ ဇွန် ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မိုးစပါးအထွက်နှုန်း တိုးပွားလာရေး မျိုးစေ့ချကိရိယာ (seeder) စနစ်ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆) ရှိ တောင်သူ ဦးစိုးဝင်း၏ မိုးစပါးစိုက်ဧက (၆) ဧကတွင် ဂျပန်ကျွန်းရွှေဝါ မျိုးစပါးအား မိုးစပါး မျိုးစေ့ချကိရိယာ (seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။
မျိုးစေ့ချကိရိယာ (seeder) စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာကာ အမြစ်ကြီးထွားမှု စောစီးစွာရရှိခြင်း၊ မြေဩဇာအသုံးပြုရာတွင် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်းများကြောင့် တောင်သူများအထွက်နှုန်း သိသာစွာတိုးပွားလာမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း မျိုးစေ့ချကိရိယာဖြင့် (၃၇) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောသည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာ (seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းနှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)