စဉ့်ကိုင် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့တို့ ပူပေါင်း၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ သူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများနှင့် ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ယခုလိုပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို ပြိုင်ပွဲဝင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "မူးယစ်ကိုပစ်စာကိုချစ်" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်သား/သူ (၂၈)ဦး၊ ကဗျာရေးပြိုင်ပွဲတွင် "မူးယစ်အန္တရာယ်တို့ကာကွယ်" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ (၂၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် မွန်းလွဲ (၁) နာရီအချိန်တွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် "မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက်" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/ သူ (၂၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ