တာမွေ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ တာမွေမြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အုန်းတောခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေးဦးဌေးလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီသီခိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးမှပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ခင်ဆွေဝင်းမြတ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြသကစားခဲ့ကြပြီး တက်ရောက်လာကြသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်းပြသထားသော လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)