နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးရဲမိုး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုနှင့်လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများ ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇွန် ၁၉

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာနေ)များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကြောင့် ပြည်သူများသေဆုံးဒဏ်ရာရဖြစ်စဉ်များချပြခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိစေရေးရှင်းလင်းဆွေးနွေးခြင်း၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု၊ လူဦးရေနှင့်အိမ်ထောင်စုသန်းခေါင်စာရင်းကောက်ယူခြင်း ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အဖျက်သမားများကို လူထုအားဖြင့်ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးနှင့် ပြည်ဖျက်သတင်းဌာနများ၏ မဟုတ်မမှန်သတင်းအမှားများအပေါ် ယုံကြည်မှုမရှိစေရေး ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းတို့က ပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့များအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားခဲ့ပြီး၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ကျေးရွာတာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဗိုလ်မှူးကြီးရဲမိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

င်းနောက် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ မြို့နယ်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိ သက်တော်ရှည်ဆရာတော်အား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်