ကျိုင်းတုံ ဇွန် ၁၉
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ ဗိုလ်မှူး တင်ထွန်းဦးက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အဖွဲ့ဝင် ဦးဇေယျာစိုးဦး၊ ဦးစိုင်းပန်းလှတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက် ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များ အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)