လသာ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းကို ယမန်နေ့က (အ.ထ.က-၁)ကျောင်း ဗဟိုစံပြခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်ကကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ယာဥ်စည်းကမ်းကို သိရှိနားလည်းရေးသည် အရေးကြီးကြောင်း၊ ယာဥ်စည်းကမ်းနှင့်အတူ လမ်းစည်းကမ်းကိုလည်း သိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ယာဥ်နှင့်လမ်းကို မလွှဲမရှောင်သာနေ့စဥ် အသုံးပြုရခြင်းဖြစ်သောကြောင့် စည်းကမ်းနှင့်အညီလိုက်နာပြုမှူမှသာ ယာဥ်ထိခိုက်မှုနှင့် ယာဥ်အန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး အမှုဆောင်ခေတ္တမြို့နယ် ပညာရေးမှူး ဦးခင်မောင်ဝင်းက သင်တန်းလာရောက် ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲအဖွဲ့ အတွင်းရေးမှူးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား လူကူးမျဥ်းကြားဖြင့် လမ်းဖြတ်ကူးပါကဆောင်ရန်၊ ရှောင်ရန်များ၊ ယာဥ်များ၏ လမ်းဘေးဝဲယာအချက်ပြမီးပြသထားသည်ကို သိရှိလိုက်နာရန် အချက်များ၊ လမ်းဖြတ်ကူးရာတွင် လူကူးမျဥ်းကြားမှဖြတ်ကူးရန်၊ မီးစိမ်းလျှင်ဖြတ်ကူးခြင်းမပြုကြရန်၊ မီးဝါပြလျှင်လမ်းကူးရန် အသင့်ပြင်ဆင်ကြရန်၊ မီးနီပြမှသာ ဖြတ်ကူးကြရန်စသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁) ရက်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)