ကျောက်ဆည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အုပ်ဆရာမကြီးဒေါ်နွယ်နီဌေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အချိန်ကပင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင်စာပေများလေ့လာဖတ်ရှုစေရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်လုပ်ငန်းများကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် ဟောပြောသည့်အကြောင်းအရာများကို စိတ်ဝင်စားစွာမှတ်သားနာယူသွားပြီး အောင်မြင်သူများဖြစ်အောင် အစဉ်တစ်စိုက်ကြိုးစားသွားကြရန် အမှာစကားများပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်ကြောင်း၊ မိမိတတ်မြောက်ထားသည့်ပညာများသည် လိုအပ်သည့်အချိန်တွင် အလွယ်တကူထုတ်ယူသုံးစွဲနိုင်သည့်အတွက် ရွှေအိုးနှင့်တူကြောင်း၊ ပညာရှာဖွေရာတွင်ပြည့်စုံသည်ဟူ၍မရှိသဖြင့် အားလပ်သည့်အချိန်တိုင်း ပညာတစ်မျိုးမျိုးကိုလေ့လာရှာဖွေသည့်အနေဖြင့် စာအုပ်စာပေများဖတ်ရှုသွားကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် စာအုပ်၊ စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်