နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

နောင်ချို ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းအခြေပြုစာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မေစံပယ်ဖူးတို့က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးပုံပြင်များဖတ်ပြခြင်း၊ ကဗျာများရွတ်ဆိုပြခြင်းနှင့် စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန် ရုပ်ပုံပြစာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်အနေဖြင့် ကျောင်းအခြေပြုစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့ပေါ်အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)