မိုင်းယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း (ဈေးတန်း) ၌ “လူငယ်စကားဝိုင်း” ကျင်းပ

မိုင်းယန်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လူငယ်၊ လူရွယ်များ စာဖတ်စွမ်းရည်တိုးတက်လာစေရန်၊ စာပေဗဟုသုတ လေ့လာလိုက်စားပြီး မိမိတို့ သိရှိထားသည့် အကြောင်းအရာများ၊ ဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတက်စေရန်၊ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အများရှေ့တွင် စကားပြောဆိုဆက်ဆံဆွေးနွေးတက်သည့် လူတော်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းကြောင်း ရှင်းလင်းပြောကြားပြီး စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း)မှ Grade-9 ကျောင်းသူ မဟာဂရက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်များအတွက် စာရိတ္တအရေးကြီးလှပြီး  ရိုးသားဖြောင့်မတ်မှု၊ ကိုယ်အမူအရာ၊ နုတ်အမူအရာ၊ စိတ်အမူအရာနှင့် စာရိတ္တမဏ္ဍိုင် ကောင်းမွန်ကြံ့ခိုင်အောင် ကြိုးစားကြရမည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မလားလ်ရွေမောအီးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးဟာ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးများအားလုံးအတွက် အကြီးလှပြီး လူငယ်များအနေဖြင့် ကျောင်းသင်ပညာနှင့် ပြင်ပအသိပညာ ဗဟုသုများရှာဖွေလေ့လာနိုင်ရန် စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင် ကောင်းမွန်အောင် ဘယ်လိုနေထိုင်ရမလဲစသည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မသော်တာမြတ်မွန်က “လူငယ်နှင့်စာပေအနုပညာ” ခေါင်းစဉ်ဖြင့် လူငယ်တိုင်း အသိပညာ ဗဟုသုတများရရှိဖိုရန် စာပေကောင်းများကို ရှာဖွေဖတ်ရှုလေ့လာပြီး စိတ်ရဲ့အာဟာရကို ဖြည့်စွက်ခြင်း အကြောင်းအရာများနှင့် Grade- 6 ကျောင်းသူ မသော်တာခိုင်က “လူငယ်နှင့် နည်းပညာ”ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် အချိန်နှင့်အမျှတိုးတက်နေသောခေတ်မှာ အင်တာနက် ပေါ်တွင် သိလိုသည့် အကြောင်းအရာများစွာကို ရှာဖွေလေ့လာနိုင်ပြီး နုပျိုငယ်ရွယ်သောဘဝတွင် ယဉ်ကျေးမှုများ အတုယူမမှားစေမိစေရန် ပြုမူနေထိုင်သင့်ပုံ အကြောင်းအရာများ စသည့် အတွေးအမြင်များ၊ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး