နောင်ချိုမြို့နယ်တွင် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်

နောင်ချို ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မူးယစ်ဆေးဝါး၏ အန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ခံစားရမည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဥပမာ၊ သာဓကများဖြင့် ရှင်းလင်းဟောပြောခဲ့သည်၊၊ ထို့နောက် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် ပြသထားသော  နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အလားတူ အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်းတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်