သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါး၊ နေကြာမျိုးစေ့ထုတ်၊ မြေပဲသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

သီပေါ ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သော မိုးစပါး၊ နေကြာမျိုးစေ့ထုတ်၊ မြေပဲသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးစေ့နှင့်ဓာတ်မြေဩဇာဥပဒေ၊ ပိုးမွှားပြုစုရေးထိန်းချုပ်‌ရေးဥပဒေများကို ရှင်းလင်းပြောကြားခဲ့ပြီး  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက  မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ကျောက်မဲခရိုင်၊ ဦးစီးမှူး ဦးဝင်းထင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမင်းဦးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးတောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို  အသီးသီးပေးအပ်ခဲ့ပြီးနောက် တောင်သူများကိုယ်စား တောင်သူ တစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တစ်ဧကလျှင် ပုလဲဓာတ်မြေဩဇာ (၁) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၁) အိတ်နှုန်းဖြင့် (၃၅) ဧကအတွက် ဓာတ်မြေဩဇာအိတ်ပေါင်း (၇၀) နှင့် မိုးစပါး၊ နေကြာ၊ ပဲစင်းငုံ၊ မြေပဲမျိုးစေ့များကို ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)