ကွမ်းခြံကုန်း ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က အင်္ဂလုံးကျေးရွာအုပ်စု ကွင်းအမှတ်(၃၈၁) တောင်သူ ဦးမြင့်ဦး၏ လယ်မြေ (၆)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်စိန်က ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မီခြင်း၊ အတန်းလိုက် ညီညာစွာစိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ကာ မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များသက်သာစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့်လက်တွေ့ စိုက်ပျိုးပြသပေးခဲ့ကြသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်စိန်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေနွယ် (ပြန်/ဆက်)