အမရပူရ ဇွန် ၁၉
၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် လေးစုရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အမရအောင်မြေ ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ အ.ထ.က.၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်း(မဘိမ်း)မြို့နယ်က မိမိတို့ဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများက ခန်းမအတွင်းပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)