တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တာမွေ ဇွန်

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေးအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်‌ဝေပေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲအခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော်သေဆုံးနေရပြီး တစ်ရက်လျှင်သေဆုံးနှုန်းပျမ်းမျှ(၃၇၀၀)ဦးခန့်ရှိတာကြောင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)