ပုဗ္ဗသီရိမြို့နယ်တွင် အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခွန်ပညာပေးဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးသက်ဆိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပုဗ္ဗသီရိမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးနန္ဒာဝင်းက အခွန်ကောက်ခံခြင်းကိစ္စနှင့်ပတ်သက်၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ အခွန်အမှတ်တံဆိပ် မှာကြားခြင်းနှင့် ထုတ်ယူခြင်းများ၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းများ၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ၊ သတင်းပေးတိုင်ကြားနိုင်ခြင်းများ၊ သတင်းပေးသူကို ဆုချီးမြှင့်ခြင်းနှင့် အများပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့  ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးသက်ဆိုင်အောင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးနန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့ရာ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများကို ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)