လားရှိုး ဇွန် ၁၉
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံက် ၉ နာရီက လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးလှဌေးနှင့် ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကျောင်းခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့သောပွဲတော်ကို ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်တွင်အားထားရမည့် သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပွဲတော်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများကပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဟန်က လက်ခံရယူပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်မျာ ပြန်လည်ပေးအပ် လှူဒါန်းပေးသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများက ကျောင်းစာကြည့်တိုက်၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်အရောင်းပြပွဲ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓါတ်ပုံပြပွဲနှင့် စာရေးဆရာများ၏ စာပေဟောပြောပွဲကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်