ကျောက်ဆည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့သည် ဆည်၊ မြောင်း၊ ချောင်ကန်ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးနှင့်သီးနှံမျိုးစုံ(၃၇၀)ဧက အောင်မြင်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ပေးခဲ့သည့် ရေပြွန်များသည် ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာအနီးတွင်တည်ရှိပြီး မြောင်း၏ ဝဲဘက်ပေတိုင်အမှတ်(၁၀+၁၅၀)၊ (၁၁+၇၅၀)နှင့် မြောင်း၏ယာဘက် ပေတိုင်အမှတ်(၁၃+၅၀၀)တွင် တည်ရှိသောရေပြွန်များဖြစ်ကြောင်းနှင့် ရေပြွန်များ၏ နဖူးစည်းကျောက်စီနံရံများ၊ ရေတံခါးရွက်များမရှိသည့်အတွက် စိုက်ပျိုးရေများပေးဝေးရာတွင် လိုအပ်သလိုရေထိန်းချုပ်ခြင်းများ မဆောင်ရွက်နိုင်သဖြင့် ရေများလေလွင့်ဆုံရှုံးခြင်းရှိသည့်အပြင် မြောင်းအထက်ပိုင်း သီးနှံစိုက်ခင်းများသာ ရေရရှိပြီး မြောင်းအောက်ပိုင်းသီးနှံစိုက်ခင်းများတွင် ရေခက်ခဲ့မှုများဖြစ်ပေါ်နေသည့်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂၂.၅၀၀)ကျပ် အကုန်အကျခံကာ ရေပြွန်များရေတိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ရေပြွန်နဖူးစည်းများကျောက်စီခြင်းနှင့် ရေထိန်းတံခါးများပါဝင်သည့် အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မ၊ အရှည်(၂၀)ပေ၊ အကျယ်(၈)လက်မ၊ အရှည်(၂၀)ပေ၊ အကျယ်(၁၆)လက်မ သံကူကွန်ကရစ်ပြွန်(၃)လုံး ပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရေပြွန်များ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းကြောင့် သင်းဒီးမြောင်းမှ ဆည်ရေသောက်စနစ်ဖြင့် အသုံးပြုစိုက်ပျိုးနေသည့် သီးနှံမျိုးစုံစိုက်(၃၇၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာ၌ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် အချိန်နှင့်အညီ စနစ်တကျပေးဝေနိုင်ပြီဖြစ်သောကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မာင်(ကျောက်ဆည်)