စဉ့်ကိုင် ဇွန် ၁၉
၂၀၂၄ခု နှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တရုတ်စုရပ်ကွက်ရှိ အ.လ.က(ခွဲ) (တရုတ်စု)ကျောင်းခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ အ.လ.က( ခွဲ ) (တရုတ်စု)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများအကြောင်းကို အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများက သိရှိလိုသည်များအား ပြန်လည်မေးခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဖြေကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသော ကျောင်းသား/သူများက ခန်းမအတွင်းပြသထားသော အသိပညာဗဟုသုတစုံလင်သည့် သုတ/ရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)